
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်း နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ကော့သောင်းမြို့ Victoria Cliff Hotel တွင် ကော့သောင်းကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင်တွေ့ဆုံခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဖက်မှ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းသည် အလားအလာကောင်းများရှိသည့် ဒေသကြီးဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍများအား မြှင့်တင်ရာတွင် အရေအတွက်ထက် အရည်အသွေးနှင့် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးကို သေချာ စဉ်းစားရမည်ဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ် အောက်တိုဘာလအတွင်းတွင်လည်း တနင်္သာရီတိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပပြုလုပ်ကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖိတ်ခေါ်ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက မိမိအနေဖြင့် စီးပွားရေးဝန်းကျင်တိုးတက်ရန် ကြိုးပမ်းနေမှုနှင့် ဒေသအစိုးရနှင့်ဒေသခံများ၏ အရေးပါမှု အချက်(၂)ချက်ကို အဓိကထား ပြောကြားလိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုသည် ဒေသခံလူထု၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုပါသဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကို အကောင်အထည်ဖော်လျက်ရှိပြီး၊ တာဝန်ယူမှုရှိကာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကိန်းဂဏန်းများအရ တနင်္သာရီတိုင်း၏ အဓိကစီးပွားရေးလုပ်ငန်းသည် ခရီးသွားလုပ်ငန်း ဖြစ်ပါသဖြင့် ရှိရင်းစွဲ သဘာဝအလှတရားများ ရေရှည်တည်တံ့အောင် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားရန် လွန်စွာအရေးကြီးပါကြောင်း ထပ်လောင်းမှာကြားခဲ့ပါသည်။