
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
၂၀၁၈ ခုနှစ် သြဂုတ် လ ၁ ရက်နေ့သည် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင်တစ်ခုလုံး ထူးခြားစွာ ပြောင်းလဲမှုစတင်မည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီများအတွက် အခြေခံကျသည့် ဥပဒေမူဘောင် တစ်ခုဖြစ်သော မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ၂၀၁၇ သည် မနက်ဖြန် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စတင် အာဏာတည်မည်ဖြစ်သဖြင့် ယင်းဥပဒေအာဏာစတင်တည်မည့် အထိမ်းအမှတ် ကြေညာခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၊ Melia Hotel ၌ ကျင်းပ ပြုလုပ်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၊ ဥပဒေအကျိုးဆောင် များနှင့် မီဒီယာများ စုစုပေါင်း အင်အား၂၀၀ခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက် စကားပြောကြားရာတွင် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေသည် စီးပွားရေးကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ကျဉ်းလာမည့် ဥပဒေဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်း၊ ကုမ္ပဏီများ အတွက် လုပ်သာကိုင်သာရှိမှုနှင့် ဥပဒေကိုလိုက်နာရမည့် ဝန်ထုတ်ဝန်ပိုးများ မဖြစ်အောင် ရည်ရွယ် ပြင်ဆင်ထားခြင်းကြောင့် ကုမ္ပဏီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ စီးပွားရေးကဏ္ဍအခြေခံကျသော ဥပဒေတစ်ခုကျင့်သုံးနိုင်ရန်နှင့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် အကောင်အထည်ဖော်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးပါသော သက်ဆိုင်ရာပုဂ္ဂိုလ်များကို မှတ်တမ်းတင်အပ်ကြောင်း၊ ဤ ကုမ္ပဏီ မှတ်ပုံတင်စနစ်သစ်ကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ရှိသော ဆက်စပ်အစိုးရ ဌာနအဖွဲ့အစည်းများနှင့်လည်း ပိုမိုညှိနှိုင်းဆောင်ရွက်၍ စီးပွားရေးဝန်ကျင်တစ်ခုလုံး ချောမွေ့အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်း ပြောကြားရာတွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ သည် ပွင့်လင်းမြင်သာမှုကို အခြေခံထားပြီး ကုမ္ပဏီမှတ်ပုံတင် လုပ်ငန်းစဉ်များနှင့် ဥပဒေကို လိုက်နာဆောင်ရွက်ရသော ကုမ္ပဏီများအတွက် လွယ်ကူသက်သာစေရန် ဆောင်ရွက်ပေးထားကြောင်း၊ ဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက် ရာတွင် မူဝါဒအရပြောင်းလဲဆောင်ရွက်ခြင်းများအပြင်၊ လုပ်ငန်းစဉ်များဆိုင်ရာ ပြောင်းလဲမှုများ အတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ထူးခြားပြောင်းလဲမှုများသည် စီးပွားရေးအဖွဲ့အစည်းများအတွက် အခွင့်အလမ်းများ ပိုမို ရရှိအောင် လမ်းဖွင့်ပေးထားခြင်းဖြစ်ကြောင်း၊ ဒီအခွင့်အလမ်းများကို အမိအရ ဖမ်းဆုပ်နိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ ဥပဒေအရ ကုမ္ပဏီများအပေါ် ကြီးကြပ် ဆောင်ရွက်ရာတွင် ယနေ့ခေတ် နည်းပညာအထောက်အပံ့ဖြင့် ဆောင်ရွက်ထားသဖြင့် လိုက်နာသူများဖက်မှ လွယ်ကူသလို၊ ကြီးကြပ် ဆောင်ရွက်သူများဖက်မှ သေချာမှုကိုရှရှိစေမည်ဖြစ်ကြောင်း၊ ဤလုပ်ငန်းစဉ်သည် နိုင်ငံတကာ အလေ့ အထတစ်ခုဖြစ်သဖြင့် လိုက်နာဆောင်ရွက်သူများအဖို့ အကျွမ်းတဝင်ရှိမည်ဖြစ်ကြောင်း၊ဥပဒေသစ် အရနိုင်ငံခြားငွေအရင်းအနှီးများ ပိုမိုထည့်ဝင်နိုင်အောင် လမ်းဖွင့်ပေးထားခြင်းကြောင့်လည်း နိုင်ငံသား များနှင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အထကောင်းများမှ တစ်ဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရန် အရှိန်အဟုန်ကောင်းတစ်ခု ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဥပဒေတွင် ကော်ပိုရိတ်စီမံ အုပ်ချုပ်မှု အလေ့အထကောင်းများပါဝင်ခြင်း၊ ဥပဒေအရ ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ တာဝန်ဆိုင်ရာ ပြဋ္ဌာန်းချက် များ၊ တာဝန်ရှိမှုများကို ရှင်းလင်းလွယ်ကူစွာ ဆောင်ရွက်ထားသဖြင့် အနာဂတ်မြန်မာ နိုင်ငံစီးပွားရေး ဝန်းကျင် တစ်ခုလုံးသည် နည်းမှန်လမ်းမှန်ဖြင့် အောင်မြင်တိုးတက်မှုရရှိနိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် အစီအစဉ်အရ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက အီလက်ထရောနစ် မှတ်ပုံတင် စနစ် MyCOနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ကုမ္ပဏီမှတ်ပုံတင်ဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ် များကို သရုပ်ပြရှင်းလင်းခဲ့ပါသည်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ စတင်ကျင့်သုံးမှုကြောင့် စီးပွားရေးဝန်ကျင် တစ်ခုလုံး အလားအလာကောင်းများပေါ်ထွန်းလာမည်ဖြစ်ပါသည်။