
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဖိတ်ခေါ်နိုင်ရန်အတွက် ဂျပန်နိုင်ငံ၊ ဖူကူအိုကာ (ကျူရှူး) မြို့ရှိ Hotel New Otani Hakata ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော် ဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဖိုရမ်တွင် Kyushu Bureau of Economy, Trade and Industry မှ ညွှန်ကြားရေးမှူးချုပ် Mr. Koichi SHIOTA က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုအခြေအနေ၊ အလားအလာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် Nishida Seibaku Co., Ltd မှ Mr.Nagane က မြန်မာနိုင်ငံ၌ လုပ်ငန်း ဆောင်ရွက်နေမှု အတွေ့အကြုံများ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုကွင်းဆက်နှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှု ပန်းတိုင်များနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ လက်တွေ့ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် Advisor Mr. MATSUI Yoichi တို့က သီလဝါအထူးစီးပွားရေးဇုန်၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် အခွင့်အလမ်းများကို လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က မြန်မာ့ကုန်သွယ်မှုကဏ္ဍ ဖြေလျှော့မှုနှင့် မြှင့်တင်မှုအခြေအနေတို့ကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြ ပါသည်။
ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖူကူအိုကာမြို့ရှိ Fukuya Haku-Haku စက်ရုံ၏ စားသောက်ကုန် ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ရာစက်ရုံတာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြခဲ့ကြပါသည်။


