
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Belle Salle Onarimon Tower ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဖိုရမ်တွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်စင်က အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အခြေအနေများ၊ အလားအလာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ခဲ့ပါသည်။
၎င်းနောက် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်နှင့် Advisor Mr. MATSUI Yoichiတို့က သီလဝါအထူးစီးပွားရေးဇုန်၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် အခွင့်အလမ်းများကို လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က မြန်မာ့ကုန်သွယ်မှုကဏ္ဍ ဖြေလျှော့မှုနှင့် မြှင့်တင်မှုအခြေအနေတို့ကိုလည်းကောင်း အသီးသီးဆွေးနွေး ခဲ့ကြပါသည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဂျပန်အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များမှ မေးမြန်းသည်များကို ဖြေကြားခဲ့ပါသည်။ အဆိုပါ ဖိုရမ်သို့ စုစုပေါင်း ၁၅၀ ဦးခန့်တက်ရောက်ခဲ့ပါသည်။





