
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးဖြစ်သော ကုမ္ပဏီ အားလုံး (စာရင်းရှင်းလင်းဖျက်သိမ်းပြီးသောကုမ္ပဏီများမှအပ) သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ ပြန်လည်မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ပြန်လည် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် ပုံစံများကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ website (www.dica.gov.mm) တွင် ရယူကြည့်ရှုနိုင်ပါကြောင်းနှင့် ပြန်လည်မှတ်ပုံတင်ခြင်းကို မြန်မာကုမ္ပဏီ အွန်လိုင်းမှတ်ပုံတင် (Myanmar Companies Online Registry-MyCO) www.myco.dica.gov.mm တွင် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်နိုင်ပါသည်။
၂။ ပြန်လည်မှတ်ပုံတင်ရာတွင် ပြောင်းလဲမှုများ ဆောင်ရွက်လိုသည့် ကုမ္ပဏီများသည် ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည် –
(က) ပြန်လည်မှတ်ပုံတင်ရာတွင် အစုရှယ်ယာဝင်အသစ်များ ပါဝင်ခြင်း (သို့မဟုတ်) တစ်ဦးတည်းအစုရှယ်ယာပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲခြင်းအတွက် အစု ရှယ်ယာဝင်များ လက်မှတ်ရေးထိုးထားသည့် အစုရှယ်ယာ ပြောင်းလဲခြင်းပုံစံနှင့် ကုမ္ပဏီ၏အစုဝင် မှတ်ပုံတင်စာရင်း ရေးသွင်းခြင်းကို ပြန်လည်မှတ်ပုံတင် ခြင်းမပြုမီ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ထားရန်။
( ခ ) ပြန်လည်မှတ်ပုံတင်ရာတွင် ဒါရိုက်တာအသစ်များ ပါဝင်ခြင်း (သို့မဟုတ်) ဒါရိုက်တာတစ်ဦးတည်းရှိသည့် ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲခြင်းအတွက် အစုရှယ်ယာဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် ဒါရိုက်တာအသစ် ခန့်အပ်ကြောင်း နှင့် ဒါရိုက်တာအသစ်များက မိမိတို့အား ခန့်အပ်ခြင်းကို သဘောတူကြောင်း စာဖြင့် ရေးသားထားသည့်မှတ်တမ်း ရယူထားရှိ ဆောင်ရွက်ရန်။
( ဂ ) ပြန်လည်မှတ်ပုံတင်ရာတွင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအသစ် (သို့မဟုတ်) စံပြုဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဖြင့် ဆောင်ရွက်ခြင်းအတွက် အစုရှယ်ယာဝင်များ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းသစ်ကို ကျင့်သုံးကြောင်း အထူးဆုံးဖြတ်ချက် ရယူရန်။
၃။ ဒါရိုက်တာအဖွဲ့ ဆုံးဖြတ်ချက်နှင့် အစုရှယ်ယာဝင်များ ဆုံးဖြတ်ချက်များကို ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ အတည်ပြု၍ ကုမ္ပဏီတွင် မှတ်တမ်းတင်ထားရှိရန် လိုအပ်ပါသည်။
၄။ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ နှင့်အညီ စာရင်းရှင်းလင်း ဖျက်သိမ်းရန် ဆောင်ရွက်ဆဲ ကုမ္ပဏီများသည် အဆိုပါ ဥပဒေအတိုင်းသာ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပြီး ပြန်လည်မှတ်ပုံတင်ရန် မလိုအပ်ပါ။
၅။ ကုမ္ပဏီများအနေဖြင့် ပြန်လည်မှတ်ပုံတင်ရန် သတ်မှတ်ထားသည့် ကာလအတွင်း နှစ်ပတ်လည်အစီရင်ခံစာ တင်ပြရန် မလိုအပ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန