
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်၊ နိုဝင်ဘာလ ၁၃ ရက်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ဦးဆောင်သော ဗဟိုအလုပ်မှုဆောင်များ၊ ညီနောင်အသင်းများ မှ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်မှုဆောင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒ များ ေရးဆွဲချမှတ် အကောင်အထည်ဖော်မှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ နောင်တွင် ဒုတိယသမ္မတ(၁)ကိုယ်တိုင် ဦးဆောင်၍ စီးပွားရေးကဏ္ဍ အလိုက် လုပ်ငန်းရှင် များနှင့် လစဉ်ပုံမှန် တွေ့ဆုံကာ လုပ်ငန်းများလက်တွေ့ လုပ်ဆောင်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်သွားရန် စီစဉ်ထားရှိမှု အခြေအနေ များအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာစေရန် ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် စီးပွားရေးကဏ္ဍအလိုက် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက လိုအပ်ချက်များ ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ခိုင်ထွန်း တို့လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

