
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့တွင် ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့ မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သော “နီပေါရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ၂၀၁၉” သို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးကို နီပေါနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှု၊ စီးပွားရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန တို့က နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန် ပူးတွဲကျင်းပခြင်းဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ပ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံပေါင်း ၄၀ တို့မှ စုစုပေါင်းကိုယ်စားလှယ် ၁၃၀၀ ဦးကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။
ထိပ်သီး အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် နီပေါနိုင်ငံ၊ ဝန်ကြီးချုပ် Mr. K.P. Sharma Oli နှင့် နီပေါ ဘဏ္ဍာရေးဝန်ကြီး Dr. Yuba Raj Khatiwada တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း အမှာစကား ပြောကြားခဲ့သည်။ နီပေါဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရာတွင် နိုင်ငံရေး တည်ငြိမ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးတို့သည် အရေးပါကြောင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့ကဲ့သို့ နိုင်ငံများအနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေးမှာ အရေးကြီးသဖြင့် စိုက်ပျိုးရေးကို အခြေခံသော စက်မှုကဏ္ဍကို အားပေးမြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် လိုအပ်ကြောင်း အကြံပြုပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် နီပေါနိုင်ငံ သမ္မတ H.E. Mrs. Bidya Devi Bhandari အား နီပေါသမ္မတအိမ်တော်သို့သွားရောက် ဂါရဝပြုတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် နီပေါ ဝန်ကြီးချုပ် H.E. Mr. K.P. Sharma Oli နှင့် လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Pradeep Kumar Gyawali ၊ ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး H.E. Dr. Yuba Raj Khatiwada နှင့် လည်းကောင်း ၊ စွမ်းအင်၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Barsaman Pun Ananta နှင့် လည်းကောင်း၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Raghubir Mahaseth နှင့် လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ပြီး ခရီးသွားလာရေးဆိုင်ရာ ကိစ္စရပ်များ၊ လေကြောင်းဆက်သွယ်ရေး အပါအဝင် ဒေသတွင်းနိုင်ငံများအကြား ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံနှင့်နီပေါနိုင်ငံတို့မှ တက်ရောက်လာကြသော လုပ်ငန်းရှင်များအချင်းချင်းတွေ့ဆုံပွဲသို့ တက်ရောက်၍ မြန်မာနှင့်နီပေါ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြား ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဒေသခံ ရုပ်/သံမီဒီယာအချို့နှင့် တွေ့ဆုံခဲ့သည်။
ထိပ်သီးအစည်းအဝေးကာလအတွင်း နီပေါနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာပေါင်း ၁၅ ခု တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက် ၁၇ခု တို့ကို လက်ခံရရှိကြောင်းလည်းသိရှိရသည်။ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းနှင့် နီပေါနိုင်ငံ ကန်ထရိုက်တာများ အသင်းချုပ် (Federation of Contractors’ Associations of Nepal) တို့သည်လည်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့ကြသည်။
ထိပ်သီးအစည်းဝေးသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ကြသည်။


