
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံတွင် ကုန်သွယ်ရေး ယှဉ်ပြိုင်နိုင်စွမ်းရှိမှု၊ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်းကျင် တိုးတက်လာစေရန်အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း တရားဝင် မိတ်ဆက်ခြင်း အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (UK Department for International Development- DFID) နှင့် International Trade Centre (ITC) တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်စိုး၊ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်ဦး၊ International Trade Centre (ITC) မှ Executive Director ဖြစ်သူ Mr. Arancha Gonzalez နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မှ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများမှ အမှာစကား အသီးသီး ပြောကြားခဲ့ကြပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ အမှာစကားပြောကြားရာတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (Trade and Investment Project) သည် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ ဆောင်ရွက်မည် ဖြစ်၍ ကြိုဆို ပါကြောင်း၊စီမံကိန်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန် ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ အစိုးရ၏ဦးတည်ချက်တစ်ခုမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအနေဖြင့် စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် သာယာဝပြောမှုကို ကြိုးပမ်းဖော်ဆောင်နိုင်ရန်အတွက် လုပ်ပိုင်ခွင့်များ ပေးသွားရန်ဖြစ် ပါကြောင်း ရှင်းလင်း ပြောကြားခဲ့ ပါသည်။
အစီအစဉ်အရ စီမံကိန်း တရားဝင်စတင် ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် International Trade Centre တို့အကြား Project Concept Note လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် International Trade Centre (ITC) မှ Executive Director ဖြစ်သူ Mr. Arancha Gonzalez တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။


