
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှုများတိုးမြှင့်ရန် ဒေသခံလုပ်ငန်းများနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံသူများအကြား ပူးပေါင်းဆောင်ရွက်မှုရရှိစေရန် ရည်ရွယ်ချက်များနှင့် ရှမ်းပြည်နယ်ရင်းနှီးမြှပ်နှံမှုပြပွဲကြီးကို(Shan State Investment Fair) ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် တောင်ကြီးမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အကျယ်ဝန်းဆုံး ပြည်နယ်ကြီးတစ်ခုဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေးအရ အချက်အချာကျသည့် နေရာတွင် တည်ရှိပါသည်။ ရှမ်းပြည်နယ်တွင် ယခုထက်ပိုပြီး ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျက် ရှိသည်။
ထိုရင်းနှီးမြှဳပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(JICA) တို့၏ အစီ အစဉ်ဖြင့် မြန်မာ့ဈေးကွက် သုတေသနနှင့်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်(MMRD) က ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း လေ့လာမှုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
မကြာမီကျင်းပမည့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲအတွက် ကြိုတင်ပြင်ဆင် သည့် အနေဖြင့် ယင်းကဲ့သို့ လေ့လာမှုပြုလုပ်ခဲ့ပြီး လေ့လာတွေ့ရှိချက်များကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရဌာနများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံသည့် အစည်းအဝေး၌ ချပြဆွေးနွေးခဲ့ကြသည်။
ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုပြပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ၊ ၁၀ရက်နေ့၌ တောင်ကြီးမြို့ရှိ (Royal Taunggyi Hotel) တွင် ကျင်းပမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ၊ ရင်းနှီးမြှုပ်နှံမှု ပြခန်းများနှင့် စီးပွားရေး တွေ့ဆုံပွဲများစသည့် အပိုင်း (၂) ပိုင်းဖြင့် ကျင်းပသွား မည်ဖြစ်သည်။ ယင်းပြပွဲကြီးသို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင် (၆၀) ဦး အပါအဝင် စုစုပေါင်း (၂၀၀) ဦး ခန့်တက်ရောက်ရန် စီစဉ် ဆောင်ရွက် လျက်ရှိပါသည်။
ရှမ်းပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ပေးမည့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန်နှင့် ပြပွဲကျင်းပမှု အခြေအနေများကို ဆက်လက်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။