
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုချောမွေ့စေရန်၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦနှင့် စွမ်းအင်ကဏ္ဍတို့၏ အလားအလာကောင်းများကို သိရှိစေနိုင်ရန်အတွက် ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုလ်းမြို့တွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ဆိုးလ်မြို့ Plaza Hotel, Diamond Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့ပြီး အာဆီယံ-ကိုရီးယားစင်တာ၊ အထွေထွေ အတွင်းရေးမှူး H.E. Kim Young-sun မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး သူရဦးသက်ဦးမောင်မှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ အမှာစကားပြောကြားခဲ့ပါသည်။
နံနက်ပိုင်း ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သက်ဆိုင်ရာ ကဏ္ဍခေါင်းစဉ်များ အလိုက် ဆွေးနွေးပြောကြားခဲ့ပြီး အမေးအဖြေကဏ္ဍတွင် ပါဝင်ဆွေးနွေးခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပြုလုပ်သော စီးပွားရေးတွေ့ဆုံပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ကိုရီးယားရင်းနှီးမြှုပ်နှံသူများ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ကိုရီးယားသမ္မတနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ် (၁၅၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။







