
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့ စေရေးကော်မတီ (Investment Promotion Committee-IPC) တတိယအကြိမ် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဉက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး နှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူ ချောမွေ့စေရေး ကော်မတီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဦးကျော်မျိုး၊ ဉီးခင်မောင်ဝင်း၊ ဦးအောင်ထူး၊ ဉီးဝင်းမော်ထွန်း ၊ ဒေါက်တာမြလေးစိန်၊ ဉီးဆက်အောင်၊ ဉီးတင်လတ် တို့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဉက္ကဋ္ဌနှင့် အခြား IPC အဖွဲ့ဝင်များ၊ အတွင်း ရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးသန့်စင်လွင်နှင့် လုပ်ငန်းအဖွဲ့(၅)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဉီးစီးဌာနမှ လေ့လာသူများက သက်ဆိုင်ရာနေရာ ဒေသများမှ လည်းကောင်း စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးသောင်းထွန်းက အမှာစကားပြောကြားရာတွင် “ Covid-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှု တွေကို တုန့်ပြန်ဖို့နဲ့ Covid အလွန်ကာလအတွက် ကြိုတင် ပြင်ဆင်ခြင်း အနေနဲ့ စက်မှုဇုန် တည်ထောင်ခြင်း လုပ်ငန်းတွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ထုတ်လုပ်မှု ကွင်းဆက် (Supply Chain)၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ထုတ်လုပ်မှု လုပ်ငန်းတွေ၊ Digitization လုပ်ငန်းတွေ အဓိက တိုးတက်စေဖို့၊ အဆိုပါကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း (Myanmar Investment Promotion Plan-MIPP) ကို ပြန်လည်သုံးသပ်ဖို့ ဦးတည် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ အတွင်း ရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ကော်မတီ၏ လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်ရန်လုပ်ငန်းများနှင့် လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ချက်များ အပေါ် တင်ပြခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက ၎င်းတို့၏ လုပ်ငန်းအဖွဲ့အလိုက် ရေးဆွဲထားသည့် နှစ်အလိုက် လုပ်ငန်းစဉ် (Annual Activities Plan) များနှင့် စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ (IPC) အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဉက္ကဋ္ဌတို့က သက်ဆိုင်ရာကိစ္စရပ်များကို အသီးသီး ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး ကော်မတီ ဥက္ကဋ္ဌ၊ ဦးသောင်းထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ်ပိုင်းတွင် ရုတ်သိမ်းခဲ့ ပါသည်။




