အလုပ်အကိုင် အခွင့်အလမ်း (၁,၀၀၀) ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြပါသည်။

              အစည်းအဝေးတွင် မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍနှင့် သတ္တုကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၆) ခု ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ် ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၄၇.၉၀၃) သန်းနှင့် ကျပ်သန်း (၂,၀၀၀) ရှိ ပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၀၈၃)နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်ပါသည်။

              ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လကုန်အထိ နိုင်ငံပေါင်း (၅၀)တို့မှ စီးပွားရေး ကဏ္ဍ (၁၂)ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁,၈၀၆) ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာသန်းပေါင်း (၈၁,၅၉၇.၇၄၃) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပါသည်။ ရင်းနှီးမြှုပ် နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။

              နိုင်ငံပေါင်း (၅၀)မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံ နှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၇.၄၈%) ဖြင့်လည်းကောင်း၊ လျှပ်စစ် ကဏ္ဍတွင်  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၅.၉၅%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစု ပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၀၁%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။