
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်
ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တရုတ်-မြန်မာ ရင်းနှီး မြှုပ်နှံမှုကို လက်တွေ့ကျကျ မြှင့်တင်ရန်ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့် တရုတ် နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြင်ပ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် စီမံကိန်းများ ချိတ်ဆက်မှု အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်ဟိုင် (Mr. Chen Hai)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြင်ပရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာဝမ်ရှမ်းဝမ် (Mr. Wang Shengwen)နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်တို့က အဖွင့်အမှာ စကား အသီးသီး ပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင် နှင့် ယူနန်ခရိုင် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Zhou Xuewen တို့မှ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများ၊ လုပ်ထုံးလုပ်နည်းများကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI)နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အသင်း ချုပ်(CCCME) တို့အကြား “ စက်ပစ္စည်းများနှင့် လျှပ်စစ်ထုတ်ကုန်များ တင်သွင်း/ တင်ပို့ခြင်း တို့ နှင့် စပ်လျဉ်းသည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ” လက်မှတ်ရေးထိုးပွဲကို ကျင်းပပြုလုပ် ခဲ့ကြပါသည်။
ဆက်လက်၍ အခမ်းအနားတွင် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းတွေ့ဆုံ ဆွေးနွေး သည့် အစီအစဉ်ကျင်းပခဲ့ပြီး ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များမှ စိတ်ပါဝင်စားစွာ ဖြင့် အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီး ဉီးညွန့်ရွှေ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်ဟိုင် ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြင်ပရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာဝမ်ရှမ်းဝမ် (Mr. Wang Shengwen)၊ အစိုးရဌာန ဆိုင်ရာများမှ အဆင့်မြင့် အရာရှိများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး အသင်းချုပ်(CCCME) တို့မှတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။
ဤကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီမံကိန်း ချိတ်ဆက်မှု အခမ်းအနား ကျင်းပခြင်း ဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအား ပိုမိုသိရှိနားလည်လာနိုင်ပြီး တရုတ် နိုင်ငံမှ အလားအလာရှိသော စီးပွားရေး လုပ်ငန်းရှင်များကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အတွက် ပိုမိုဆွဲဆောင်လာနိုင်မည် ဖြစ်ပါသည်။







