COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက်စေရေးအတွက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးကို VIDEO CONFERENCING စနစ်ဖြင့်ကျင်းပပြုလုပ်

Print Friendly, PDF & Email

နေပြည်တော်၊ ဇွန် ၁၈

Coronavirus Disease COVID-19 သက်ရောက်မှုကာလ အတွင်းပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်နိုင်စေရေးအတွက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဉီးသောင်းထွန်းနှင့် အဖွဲ့ဝင်များကရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်မှလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃)၊ နေပြည်တော်မှ လည်းကောင်း၊ ကျန်အဖွဲ့ဝင်များကသက်ဆိုင်ရာနေရာဒေသများမှ လည်းကောင်းအသီးသီးပါဝင် ဆွေးနွေးကြပါသည်။            အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း(၆)ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍနှင့် အခြားကဏ္ဍတို့မှ လုပ်ငန်းအသစ်(၉)ခုကို ခွင့်ပြုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာ (၁၉၃.၃၈၉)သန်းနှင့် ကျပ် (၆၄,၃၄၁.၈၂၇) သန်းရှိပြီးပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂,၅၀၇)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

            ၂၀၂၀ခုနှစ် မေလကုန်အထိရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သောနိုင်ငံများမှာစင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း (၅၁)နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၆၀%) ဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၅၁%)ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၁၁%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။