
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်၊ ဧပြီ ၂၈
Coronavirus Disease COVID-19 သက်ရောက်မှုကာလအတွင်း ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန် မပျက်ဆက်လက်ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဉီးသောင်းထွန်းနှင့် အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်မှလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော် မှ လည်းကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာနေရာဒေသများမှ လည်းကောင်း အသီးသီး ပါဝင် ဆွေးနွေးကြပါသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လုပ်ငန်း (၃) ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် အခြား ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် အိမ်ယာ၊ အဆောက်အဉီကဏ္ဍတို့မှ လုပ်ငန်း အသစ် (၅)ခုကို ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၄.၅၉၄) သန်းနှင့် ကျပ် (၁၀,၈၄၀.၁၃၄) သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့် အလမ်းပေါင်း (၃၄၄)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
၂၀၂၀ ခုနှစ် မတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း (၅၁)နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၉၄%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၂၆%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၁၈%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။


