ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ “စတုတ္ထအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမညီလာခံ” သို့တက်ရောက်

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရဒေသ၊ Hong Kong Conventiion and Exhibition Centre တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် “စတုတ္ထအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမညီလာခံ”သို့ တက်ရောက်လျက်ရှိသည်။

စတုတ္ထအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမညီလာခံဖွင့်ပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ဟောင်ကောင် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥက္ကဋ္ဌ Dr Peter K N Lam ကအဖွင့်အမှာစကားပြောကြားခဲ့ပြီးဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေးမှူး Mrs Carrie Lam Cheng Yuet-ngor ကကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Mrs Carrie Lam Cheng Yuet-ngor က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာ၌ “ယခုနှစ်ညီလာခံ၏ အကြောင်းအရာမှာ “အခွင့်အလမ်းများအား သိမြင်ခြင်းနှင့် ဖန်တီးခြင်း” ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသသည် ရပ်ဝန်းနှင့် ပိုးလမ်းမအတွက် အဓိကကျသည့် နေရာတွင် တည်ရှိပြီး အလားအလာများနှင့် ဖြစ်နိုင်ခြေများစွာရှိကြောင်း၊ ရပ်ဝန်းနှင့်လမ်းကြောင်း၏ ကတိကဝတ်များမှတဆင့် မူဝါဒ ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဟောင်ကောင်၏ အဓိကအားသားချက်များအား သိရှိမှု၊ ဝန်ဆောင်မှုကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍ မြှင့်တင်ခြင်းနှင့် စီမံကိန်းများတွင် ဟောင်ဟောင်၏ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ခြင်းအားဖြင့် ရပ်ဝန်းနှင့်လမ်းကြောင်း အစီအစဉ် တွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း ၆၀ ကျော်မှ အစိုးရအရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ စုစုပေါင်း ၅၀၀၀ ခန့် တက်ရောက်ခဲ့သည်။  

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် စတုတ္ထအကြိမ် မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမညီလာခံ၏ Luncheon Ministrial Panel သို့ လည်းကောင်း၊ Belt and Road ASEAN Night 2019 သို့လည်းကောင်း တက်ရောက်မည်ဖြစ်သည်။

ညီလာခံ၏Luncheon Ministrial Panel တွင် ပြည်ထောင်စုဝန်ကြီးက Panelist အဖြစ် ပါဝင်ဆွေးနွေးမည်ဖြစ်ပြီး နိုင်ငံပေါင်း ၆၀ မှ ညီလာခံသို့ တက်ရောက်လာသည့် ရင်းနှီးမြှုပ်နှံ သူများအား မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးပြောကြားနိုင်မည် ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေမည် ဖြစ်ပါသည်။

အဆိုပါညီလာခံကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည်မြန်မာ-ဟောင်ကောင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Mrs Carrie Lam Cheng Yuet-ngor နှင့်လည်းကောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဗျူရို၊ အတွင်းဝန် (ဝန်ကြီး)Mr. Edwrd Yauနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ် ထားရှိကြောင်းသိရသည်။