
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်း၍ Myanmar Global Investment Forum ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (Myanmar International Convention Center –MICC 2) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာန အသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အကြီးတန်းအရာရှိများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ် များ၊ Euromoney Institutional Investor(Asia) မှ Chief Executive Officer, Mr. Tony Shale ခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာများ စုစုပေါင်း (၁၂၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် Euromoney Institutional Investor (Asia) မှ Chief Executive Officer, Mr. Tony Shale တို့မှ အဖွင့်အမှာစာကား ပြောကြားကြပါသည်။ ထို့နောက် အစီအစဉ်အရ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေရှုမြင်သုံးသပ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊ လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍ ပေါင်းစပ်မှုအခြေအနေများ၊ အခြေခံအဆောက်အဦများနှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများ၊ စက်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်မှု အခြေအနေများနှင့် ခရီးသွားကဏ္ဍ တိုးတက်လာစေရေးအတွက် ဆောင်ရွက်မှုအခြေအနေများစသည့် ခေါင်းစဉ်များ ဖြင့် ပညာရှင်များနှင့် တာဝန်ရှိသူများမှ ဆွေးနွေးကြပါသည်။
ဒုတိယနေ့ အစီအစဉ်များကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ပါသည်။



