
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၅/၂၀၁၇) ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ရာခိုင်နှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၄ ခု နှင့် ဖက်စပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၂ ခု ၊ စုစုပေါင်း ၆ ခုကို အတည်ပြု ပေးခဲ့ပါ သည်။ အဆိုပါလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၈.၆၈၂ သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၂၂၄၆ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
၂၀၁၇ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ စုစုပေါင်း လုပ်ငန်း ၁၂ ခုအား အတည်ပြုမိန့်ထုတ်ပေးခဲ့ပြီး၊ မတည်ငွေရင်း ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၈.၁၁၂ သန်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ၅၂၈၅ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများအနေဖြင့် မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အမှတ် ၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ တယ်လီဖုန်းအမှတ် ၉၅-၀၁-၆၅၇၈၉၂ သို့ ဆက်သွယ် မေးမြန်း လျှောက်ထားနိုင်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ