
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် Investment Competitiveness Forum တွင် ကမ္ဘာ့ဘဏ်အုပ်စု ( The World Bank Group) မှ မြန်မာနိုင်ငံတော်အစိုးရအား ချီးမြှင့်သည့် “Star Reformers Award” ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ လက်ခံရယူခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ “How to operationalize the Investment Reformers Network” ဆွေးနွေးမှုစကားဝိုင်းတွင် Panelist အဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး၊ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှု အစီအစဉ်ကိုလည်း ပါဝင် ဆောင်ရွက် ခဲ့ပါသည်။
အဆိုပါ Star Reformers Award ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာအောင် ဆွဲဆောင်နိုင်ခြင်း၊ ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများလွယ်ကူရှင်းလင်းအောင် ဆောင်ရွက် နိုင်ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ နည်းပညာများ ပြည်တွင်းလုပ်ငန်းများသို့ လွှဲပြောင်း ရရှိစေခြင်း နှင့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာမှ အသိအမှတ်ပြုရလောက်အောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း အစရှိသည့် အချက်များကို အခြေခံပြီး ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
ကမ္ဘာ့ဘဏ်အုပ်စုမှ Star Reformers Award, Strong Reformers Award နှင့် Aspiring Reformers Award စသည့် ဆုအမျိုးအစား(၃)မျိုး ချီးမြှင့်ခြင်းဖြစ်ပြီး Star Reformers Award သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အသိသာအထင်ရှားဆုံးပြုလုပ်နိုင်သည့် နိုင်ငံများကို ချီးမြှင့်သည့် အမြင့်ဆုံးဆုအမျိုးအစား ဖြစ်ပါသည်။ ယခု၂၀၁၇ နှစ်တွင် Star Reformers Award ကို မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့မှ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

