Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း ဦးဆောင်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Myanmar Pou Chen စက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

Myanmar Pou Chen စက်ရုံသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်ရယူ၍ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Adidas ဖိနပ်ချုပ်လုပ်ငန်းဆောင်ရွက်နေသော စက်ရုံ ဖြစ်သည်။ အဆိုပါစက်ရုံတွင် ဝန်ထမ်းအင်အား ၅၀၀၀ ကျော်ရှိပြီး နှစ်စဉ် ဖိနပ်အရံ ၅ သန်းကျော် ပြည်ပသို့တင်ပို့လျက်ရှိသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား Myanmar Pou Chen စက်ရုံမှ မန်နေဂျင်း ဒါရိုက်တာ Mr. Ou, Chin-Nan က စက်ရုံသမိုင်းကြောင်းအား ရှင်းလင်းတင်ပြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက စက်ရုံမန်နေဂျင်းဒါရိုက်တာနှင့် တာဝန်ရှိသူ များကနွေးထွေးစွာကြိုဆိုပေးသည့်အတွက်ကျေးဇူးတင်ကြောင်း၊   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သည် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပိုမိုရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ယူမှုရှိသောရင်းနှီးမြှုပ်နှံမှုများပိုမိုလာရောက်စေလိုကြောင်း၊ စက်ရုံမှ အလုပ်အကိုင်အခွင့်အလမ်း ၅၀၀၀ ကျော်ဖန်တီးပေးနိုင်သည့်အတွက် ဝမ်းသာကြိုဆိုကြောင်း၊  စက်ရုံ၏ ယနေ့လုပ်ငန်းအောင်မြင်မှု များသည် ရင်းနှီးမြှုပ်နှံသူများအတွက် စံနမူနာကောင်းတစ်ရပ်ဖြစ်ကြောင်း၊ အဆိုပါစက်ရုံ၌ ဝန်ထမ်း များ၏သက်သာချောင်ချိရေးနှင့် Corporate Social Responsibility (CSR)ကို အထူးအလေးထား ဆောင်ရွက်ထားသည်ကိုတွေ့ရှိရသည့်အတွက်ကြိုဆိုအားပေးပါကြောင်း၊ လူ့အခွင့်အရေး၊ အလုပ်သမား ရေးရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် UN Global Compact အဖွဲ့ဝင်အဖြစ် လျှောက်ထားဆောင်ရွက်စေလိုကြောင်း၊ ကော်မရှင်အနေဖြင့် ခွင့်ပြုမိန့် ရရှိပြီးလုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ယခုအချိန်သည် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အချိန်အခါကောင်းတစ်ရပ်ဖြစ်ကြောင်း၊ ထပ်မံ၍ လုပ်ငန်းအား ရန်ကုန်တိုင်းဒေသကြီးတွင်သာမက ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးကဲ့သို့သော တိုင်းဒေသကြီ/ ပြည်နယ်များတွင်လည်း ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်သွားရန်အားပေးလိုကြောင်း ပြောကြားသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ ကုမ္ပဏီလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအပေါ် လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။