
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း ဦးဆောင်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Myanmar Pou Chen စက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
Myanmar Pou Chen စက်ရုံသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်ရယူ၍ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Adidas ဖိနပ်ချုပ်လုပ်ငန်းဆောင်ရွက်နေသော စက်ရုံ ဖြစ်သည်။ အဆိုပါစက်ရုံတွင် ဝန်ထမ်းအင်အား ၅၀၀၀ ကျော်ရှိပြီး နှစ်စဉ် ဖိနပ်အရံ ၅ သန်းကျော် ပြည်ပသို့တင်ပို့လျက်ရှိသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား Myanmar Pou Chen စက်ရုံမှ မန်နေဂျင်း ဒါရိုက်တာ Mr. Ou, Chin-Nan က စက်ရုံသမိုင်းကြောင်းအား ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက စက်ရုံမန်နေဂျင်းဒါရိုက်တာနှင့် တာဝန်ရှိသူ များကနွေးထွေးစွာကြိုဆိုပေးသည့်အတွက်ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သည် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပိုမိုရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်ယူမှုရှိသောရင်းနှီးမြှုပ်နှံမှုများပိုမိုလာရောက်စေလိုကြောင်း၊ စက်ရုံမှ အလုပ်အကိုင်အခွင့်အလမ်း ၅၀၀၀ ကျော်ဖန်တီးပေးနိုင်သည့်အတွက် ဝမ်းသာကြိုဆိုကြောင်း၊ စက်ရုံ၏ ယနေ့လုပ်ငန်းအောင်မြင်မှု များသည် ရင်းနှီးမြှုပ်နှံသူများအတွက် စံနမူနာကောင်းတစ်ရပ်ဖြစ်ကြောင်း၊ အဆိုပါစက်ရုံ၌ ဝန်ထမ်း များ၏သက်သာချောင်ချိရေးနှင့် Corporate Social Responsibility (CSR)ကို အထူးအလေးထား ဆောင်ရွက်ထားသည်ကိုတွေ့ရှိရသည့်အတွက်ကြိုဆိုအားပေးပါကြောင်း၊ လူ့အခွင့်အရေး၊ အလုပ်သမား ရေးရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် UN Global Compact အဖွဲ့ဝင်အဖြစ် လျှောက်ထားဆောင်ရွက်စေလိုကြောင်း၊ ကော်မရှင်အနေဖြင့် ခွင့်ပြုမိန့် ရရှိပြီးလုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအချိန်သည် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အချိန်အခါကောင်းတစ်ရပ်ဖြစ်ကြောင်း၊ ထပ်မံ၍ လုပ်ငန်းအား ရန်ကုန်တိုင်းဒေသကြီးတွင်သာမက ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးကဲ့သို့သော တိုင်းဒေသကြီ/ ပြည်နယ်များတွင်လည်း ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်သွားရန်အားပေးလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်စက်ရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ ကုမ္ပဏီလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအပေါ် လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။


