ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ချင်းပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးဖွင့်လှစ်ပွဲအခမ်းအနားကျင်းပခြင်း

Print Friendly, PDF & Email

ချင်းပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများနှင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်လိုသူများအနေဖြင့် မိမိတို့ဆောင်ရွက်လိုသည့် လုပ်ငန်းများကို လျင်မြန် လွယ်ကူစွာဖြင့် ဆောင်ရွက်နိုင်ရန်နှင့် ချင်းပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးဖွင့်လှစ်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်ချုပ်လမ်း၊ စျေးသစ် ရပ်ကွက်၊ ဟားခါးမြို့၊ ခရိုင်စုပေါင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

          ဖွင့်ပွဲအခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ် အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ချင်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ အမှုဆောင်အဖွဲ့ဝင်များနှင့် မြို့မိ မြို့ဖများ စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် ချင်းပြည်နယ်ဦးစီးမှူးရုံးအား ချင်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဦးဝီကောနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်မှ ရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ သည်။

          ဆက်လက်၍ ချင်းပြည်နယ်ဦးစီးမှူးရုံးတွင် ပထမဆုံးမှတ်ပုံတင်သည့်ကုမ္ပဏီများဖြစ်သည့် ပန်းဒေခွါ ကုမ္ပဏီလီမိတက်၊ ချင်းတို့ဌါနေ ကုမ္ပဏီလီမိတက်နှင့် ဒီ အန် စီ ကုမ္ပဏီလီမိတက်တို့အား ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်မှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ရုံးခန်းအတွင်း လှည့်လည် ကြည့်ရှုကြသည်။