
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် DaNa Facility (UK Aid) ပူးပေါင်း၍ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေ ချောမွေ့ရေး ကနဦးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားအား ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်နှင့် DaNa Facility မှ Mr. Peter Brimble တို့မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချင်းပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှု အခြေအနေများနှင့် အလားအလာများ ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ ချင်းပြည်နယ်မှ လုပ်ငန်းရှင်များနှင့် စီးပွားရေးအဖွဲ့အစည်းများအား ချင်းပြည်နယ်အတွင်း နိုင်ငံခြားနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ၊ မူဝါဒနှင့် မဟာဗျူဟာများအား ပိုမိုသိရှိနိုင်စေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်များ အကောင်အထည်ဖော်ရာတွင် လက်ရှိ ရင်ဆိုင်နေရသော အတားအဆီး ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် ချင်းပြည်နယ်၏ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် များအသင်းမှ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်းများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ ပြည်နယ်မှူးများ၊ DaNa Facility မှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါ သည်။
အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ဆက်လက် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။


