
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော် အောက်တိုဘာ ၂၈ ရက်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း(၈)ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဉီကဏ္ဍ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍ နှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ်(၅)ခု ကို ခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၀၅.၈၉၀) သန်းနှင့် ကျပ် (၃၅,၆၂၉.၄၇၉) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၆၈၈) နေရာကို ဖန်တီးပေးနိုင် မည် ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ နိုင်ငံ/ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၁၇%) ဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆.၀၉%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ (၁၄.၄၅%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။



