
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်၊ အောက်တိုဘာလ၂၀ရက်
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းသည်ယနေ့မွန်းလွဲပိုင်းတွင် Myanmar Hong Kong Chamber of Commerce and Industry ကစီစဉ်ကျင်းပသည့်“Brimming with opportunities” Prospects in Myanmar for HK Investors Webinar သို့တက်ရောက်၍အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု COVID-19 ကြောင့် ယခုနှစ်ကျဆင်းနိုင်သော်လည်း၂ ရာခိုင်နှုန်းနီးပါးသို့ ရောက်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကာလ မတိုင်မီ ကာလတွင် ရရှိခဲ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း ပြန်လည်ရရှိနိုင် မည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မဟာဗျူဟာ အချက်အချာကျစွာ တည်ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများစွာ ရှိပါကြောင်း၊ စွမ်းအင်ကဏ္ဍ၊ အိမ်ရာ အဆောက်အဉီတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံနိုင်ပါကြောင်းနှင့် အဆိုပါ လုပ်ငန်းကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် ကဏ္ဍပေါင်းစုံတွင် အချိုးညီမျှတသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Memories Group ၏ CEO ဖြစ်သူ Mr. Cyrus Pun က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ လွယ်ကူချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းများကို Online ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် MyCo စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူ အခွန်ငွေပေးဆောင်မှုကိုလည်း Online စနစ်ဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများ အကြား လုပ်ထုံးလုပ်နည်းများ တပြေးညီဖြစ်စေရေး စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure-SOP)များကို ရေးဆွဲလျက်ရှိရာ မကြာမီထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးကCOVID-19 ကာလအတွင်းစိန်ခေါ်မှုများရှိခဲ့သော်လည်း၂၀၁၉ -၂၀၂၀ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၆၈၉ဘီလီယံ ရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁.၁၆၉ ဘီလီယံ တိုးမြှင့်ရရှိခဲ့ကြောင်း၊ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့်အညီ COVID-19 ကြောင့် ဖြစ်ပေါ် လာသည့် စီးပွားရေးသက်ရောက်မှုများကို လျှော့ချရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ COVID-19 ကပ်ရောဂါအလွန်ကာလတွင် မြန်မာနိုင်ငံ စီးပွားရေးလျင်မြန်စွာ ဉီးမော့လာစေ ရေးအတွက်မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည် ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP) နှင့်ချိတ်ဆက်၍ ရေးဆွဲလျက် ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက်မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေကြသည့်ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်များ၏ မေးမြန်းဆွေးနွေးမှုများကိုပြည်ထောင်စုဝန်ကြီးကရှင်းလင်းဖြေကြား သည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း နှင့်တာဝန်ရှိသူများ၊ ပြည်တွင်း/ ပြည်ပမှ စီးပွားရေးကိုယ်စားလှယ်များ၊ မီဒီယာများ စုစုပေါင်းလူဉီးရေ (၂၅၀) ကျော် တက်ရောက်ကြသည်။

