
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

နေပြည်တော်၊ အောက်တိုဘာလ ၁၆ ရက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် AustCham Myanmar က စီစဉ်ကျင်းပသည့် Election 2020: Key Issues for Business Webinar သို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုအခြေအနေ များ၊ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့် မြန်မာ့စီးပွားရေး နာလန်ထူရေး နှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကျပ် ၄,၀၀၀ ဘီလီယံ (ကျပ် လေးထောင် ဘီလီယံ) အသုံးပြုခဲ့ကြောင်း၊ ယင်းသည် GDP ၏ ၃.၄ ရာခိုင်နှုန်းခန့်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ Webinar ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံရှိ စီးပွားရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။
ဆွေးနွေးပွဲတွင် COVID-19 ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုများကို ကုစားခြင်းနှင့် ရေရှည် အစီအမံများ၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ၏ အခန်းကဏ္ဍ တို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေကြသည့် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ၄င်းတို့ ၏ အတွေ့အကြုံများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆက်လက်ပံ့ပိုးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး Webinar ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။







