
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ဆိုင်ရာ ဝန်ကြီးများ၏ (၉) ကြိမ်မြောက် ကြားဖြတ်ညှိနှိုင်း အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက် ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် RCEP ဝန်ကြီးများက ဆွေးနွေးညှိနှိုင်းမှုများ သိသိသာသာ တိုးတက်မှုအပေါ် ကြိုဆိုခဲ့ကြပြီး သဘောတူညီမှုရရှိရန် ကျန်ရှိနေသေးသည့် ကိစ္စရပ်အချို့ကို ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ကြသည်။ ဝန်ကြီးများက RCEP ကို အဖွဲ့ဝင်နိုင်ငံ အားလုံး လိုက်ပါ ဆောင်ရွက်နိုင်သည့်အခြေအနေသို့ ရောက်ရှိအောင် အစွမ်းကုန် ကြိုးပမ်း ကြမည်ဖြစ်ကြောင်းကိုလည်း ကတိကဝတ် ပြုခဲ့ကြသည်။ ထို့ပြင် နိုင်ငံအကြီးအကဲ များ၏ လမ်းညွှန်ချက်ဖြစ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြီးစီးကြောင်းကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလဆန်းတွင် ပြုလုပ်မည့် တတိယအကြိမ် RCEP ထိပ်သီး အစည်းအဝေးတွင် ကြေညာရန် ထပ်လောင်း အတည်ပြုခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက RCEP သဘောတူစာချုပ်ညှိနှိုင်းဆွေးနွေးမှုများတွင် အချို့ကိစ္စရပ်များ အပေါ် အဖွဲ့ဝင်နိုင်ငံအချို့၏ လိုက်လျောပေးမှုကို ကြိုဆိုပါကြောင်း၊ RCEP သည် အနာဂတ်တွင် လွတ်လပ်သောကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဒေသတစ်ခုအဖြစ် ပေါ်ထွန်းလာပြီး၊ ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကျယ်ပြန့်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံစုံကုန်သွယ်မှု စနစ်တစ်ရပ်အနေဖြင့်လည်း ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အထောက်အကူပြ ုနိုင်မည့်မဏ္ဍိုင်တစ်ခု ဖြစ်လာမည်ဖြစ်၍ နိုင်ငံခေါင်းဆောင် များ၏ လမ်းညွှန်ချက်နှင့်အညီ RCEP ကို အောင်မြင်စွာ အပြီးသတ်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
RCEP ဒေသသည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နည်းပါး ရှိပြီး ကမ္ဘာ့စီးပွားရေး၏ ၄၂.၂% ၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉.၁% နှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၃၂.၅% ကို ကိုယ်စားပြုသည့်အတွက် ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး အုပ်စုကြီးများတွင် တစ်ခု အပါအဝင် ဖြစ်လာရန် မျှော်မှန်းထားပါသည်။
RCEP သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် ၆ နိုင်ငံဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံ တို့အကြား ဆွေးနွေးညှိနှိုင်းလျက်ရှိသော ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership- RCEP) သဘောတူစာချုပ်တစ်ခု ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ရာ ယနေ့အထိ ဝန်ကြီးအဆင့် ပုံမှန်အစည်းအဝေး(၇) ကြိမ်၊ စေ့စပ်ညှိနှိုင်းမှုပေါင်း (၂၈) ကြိမ်နှင့် ကြားဖြတ်အစည်းအဝေးပေါင်း များစွာ ပြုလုပ်၍ RCEP ဆွေးနွေး ညှိနှိုင်းမှုများပြီးစီးကြောင်းကို ယခုနှစ်ကုန်တွင် ကြေညာနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

