
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

နေပြည်တော်၊ နိုဝင်ဘာ ၁၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံများ ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေးနွေးပွဲ – ၂၀၂၀ ထိပ်သီး အစည်းအဝေး၏ ‘Panel Discussion on Technology and The Future of Work in ASEAN’ ကဏ္ဍတွင် မိန့်ခွန်းပြောကြား သည့် Video Speech ကို ပေးပို့ခဲ့ပါသည်။
စကားဝိုင်းဆွေးနွေးပွဲ၌ အင်ဒိုနီးရှားနိုင်ငံသမ္မတ H.E. Ir. H. Joko Widodo နှင့် ယူကေနိုင်ငံမှ နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး The Right Honorable Elizabeth Truss MP တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက Video မိန့်ခွန်း အသီးသီး ပြောကြားခဲ့ကြပြီး ထိုသို့ပြောကြားရာတွင် အာဆီယံအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် တိုးတက်မှုကို ပြန်လည် တည်ဆောက်နိုင်ရန်အတွက် စက်မှုလုပ်ငန်းများအားလုံး နည်းပညာအသစ်များကို အသုံးပြုနိုင်ရေး ပြင်ဆင်သွားရန်လိုအပ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ ကွန်တော်တို့အနေနဲ့ AI မှ AR နည်းပညာသို့ ကူးပြောင်းနိုင်ရန်အတွက် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကို လက်ခံရန်လိုအပ်ကြောင်း၊ ထို့ကြောင့်ဆေးပညာ သင်ယူသည့် ကျောင်းသူ/သားများပင်လျှင် အဆင့်မြင့်စက်ရုပ်နည်းပညာ တို့ကိုပါ သိရှိနားလည်ရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSMEs) များအနေဖြင့်လည်း ဒီဂျစ်တယ်စနစ်ကို အသုံးပြုနိုင်ရန်၊ e-commerce စနစ်နှင့်ဒီဂျစ်တယ်စနစ်ဖြင့် ငွေပေးချေမှု တို့ကို အကျွမ်းတဝင်ဖြစ်စေရန် လိုအပ်ကြောင်း၊ ဒီဂျစ်တယ်နည်းပညာမှာ ယနေ့ခေတ်အလုပ်သမားများအတွက် လိုအပ်သည့် အဓိကကျွမ်းကျင်မှုဖြစ်လာပြီး အမြဲတမ်းသင်ယူလေ့လာသွားရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေးစနစ်ကို သုံးသပ်နေရန် လိုအပ်ကြောင်း၊ လယ်သမားများမှာလည်း အသိပညာပြည့်ဝသည့် လုပ်သားများ ဖြစ်ရန်လိုပါကြောင်း။”
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အာဆီယံအနေဖြင့် 4th Industrial Revolution သို့ ကူးပြောင်းစဉ် ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာ၌ ပွင့်လင်းမှုနှင့် အချင်းချင်း စာနာမှုရှိရန် ဆွေးနွေးခဲ့သည် –
“ ကျွန်တော်တို့အနေနဲ့ လူမှုအသိုက်အဝန်းရဲ့ ပြဿနာဟောင်းတွေကို ခေတ်သစ် နည်းပညာတွေကို အသုံးပြုပြီး ဖြေရှင်းဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကသင်ယူမှုတွေက သတိ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စာနာမှုတွေကို လျစ်လျူရှုလို့ မရပါဘူး။ တစ်ဦးချင်းစီရဲ့ ကွဲပြားမှုတွေဟာ အတားအဆီးတွေမဖြစ်ဖို့အတွက် ကျွန်တော်တို့ဟာ ပွင့်လင်းပြီး လက်ခံနိုင်စွမ်းရှိရ မယ်။ ကျွန်တော်တို့ရဲ့ ကျောင်းတွေဟာ တွေးခေါ်နိုင်စွမ်းရှိဖို့ သင်ပေးရပါမယ်၊ နိုင်ငံရေးစနစ်တွေ၊ အလုပ်ခွင်တွေနှင့် ပြည်သူ့ ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေဟာ ဝေဖန်တာကို ခံနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်ရပါမယ်။”
ထိပ်သီးဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမှာ ‘Digital ASEAN: Sustainable and Inclusive’ ဖြစ်ပြီး အာဆီယံနိုင်ငံများ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဆွေးနွေးပွဲသည် အရှေ့တောင်အာရှ နိုင်ငံများ၏ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ ခေါင်းဆောင် များနှင့် ဒေသတွင်းရှိ စီးပွားရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များပါဝင်ကာ ဒေသ၏ အနာဂတ်အလားအလာများကို ဆွေးနွေးရန် နှစ်စဉ်ကျင်းပသည့် ဖိုရမ်တစ်ခုဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သက်ရောက်မှုများရှိပြီး စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည့် အခြေအနေ၌ ကျင်းပပြုလုပ်သော ယခုဆွေးနွေးပွဲသည် ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍ နှစ်ခုစလုံးအတွက် ဒီဂျစ်တယ်ခေတ်တွင် အားလုံး ပါဝင်ပြီးရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုကို မြှင့်တင်ရန် နည်းလမ်းများ ဖော်ထုတ်နိုင်ရေး အတူတကွ စုစည်းပေးသည့် အခွင့်အလမ်းကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

