မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲနှင့်ပြပွဲကျင်းပပြုလုပ်

Print Friendly, PDF & Email

မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ စင်ကာပူနိုင်ငံ Surbana Jurong (SJ) နှင့် မြန်မာနိုင်ငံမှ AJ Myanmar နှင့် Myat Padomar Development Co.,Ltd တို့ပူးပေါင်း၍ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲနှင့် ပြပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ မော်လမြိုင်မြို့ Strand Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအား မွန်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရန် ရည်ရွယ်ပြုလုပ်ခဲ့ပြီး အစိုးရဌာနများနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်ပေါင်း ၃၀၀ကျော် တက်ရောက်ခဲ့ ပါသည်။

အဆိုပါဆွေးနွေးပွဲ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးစိုးမြင့်အောင်မှ “The Policy Updates on Investing a Business in Myanmar and Promoting Investment in Mon State” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်ဉီးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဉီးစောလင်းအောင်မှ “မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့် မွန်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ ပါသည်။

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ မှတစ်ဆင့် မွန်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနှင့် အလားအလာရှိသည့် ဟိုတယ်နှင့် ခရီးသွား၊ စိုက်ပျိုးရေး၊ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ အခြေခံအဆောက်အဉီ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ လာရောက်ရင်းနှီး မြှုပ်နှံကြရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ များအား ဖိတ်ခေါ်ဆွေးနွေး နိုင်ခဲ့ပါသည်။