
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ပူးပေါင်း၍ Deutsche Gesellschaftfür Internationale Zusammenarbeit (GIZ) ၏ ပါဝင်ကူညီမှုဖြင့် ရှမ်းပြည်နယ် အတွင်း စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖိုရမ်အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E Mr. Thomas Neisinger ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ မြန်မာနိုင်ငံ အခြေစိုက် ပြည်ပသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
ဖိုရမ်သို့ ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတေးလျ နိုင်ငံ၊ ရုရှနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူ ၉၂ ဦး တက်ရောက်ခဲ့ကြပါသည်။ ထို့ပြင် ဖိုရမ်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းများလည်း ခင်းကျဉ်းပြသခဲ့ပါသည်။
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ဖွင့်ပွဲကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီ သံအမတ်ကြီး H.E Mr. Thomas Neisinger တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ အဖွင့် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းမှ အမှာစကား ပြောကြား ရာတွင် “မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် စိုက်ပျိုးရေး ကဏ္ဍသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်ရေး အတွက် အရေးကြီးပါကြောင်း၊ စားနပ်ရိက္ခာဖူလုံစေရန်နှင့် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု အတွက် စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် လွန်စွာ အရေးပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်နိုင်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤဖိုရမ်မှ ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေး ဆောင်ကျဉ်းပေးနိုင်မည်ဟု ယုံကြည် ပါကြောင်း” ပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ ပါသည်။
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ပါဝင်တက်ရောက်နေသူများသည် အေးသာယာ စက်မှုဇုန်အပါအဝင် ရင်းနှီးမြှုပ်နှံမှု အလားအလာရှိသော နေရာများသို့ သွားရောက် လေ့လာကြည့်ရှုကြမည် ဖြစ်ပါသည်။







