သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခြင်း

Print Friendly, PDF & Email

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bangladesh Economic Zone Authority က ထုတ်ပြန်သည့် သတင်းနှင့် စပ်လျဉ်းသည့် သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဉီးသန့်စင်လွင် ဉီးဆောင်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန် ရုံးချုပ်၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကော်မရှင်အတွင်းရေးမှူးမှ ဆွေးနွေးရာတွင် “ဘင်္ဂလားဒေ့ရှ် မီဒီယာတစ်ခု၏ သတင်းတွင် မြန်မာနိုင်ငံရှိ ကိုရီးယား စီးပွားရေးလုပ်ငန်း ၁၀၀ ခန့်သည် မြန်မာနိုင်ငံတွင် စက်မှုလုပ်ငန်းများအတွက် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုရှိမနေသည့် အတွက် ၎င်းတို့၏ လုပ်ငန်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရွှေ့ပြောင်းချင်ကြောင်း ဖော်ပြနေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်စေရေးကို ဦးစားပေးစဉ်းစားလျက် ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန်အတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေသည့် အချိန်ကာလတွင် ယခုကဲ့သို့ သတင်းမျိုးပေါ်ပေါက်လာခြင်းသည် နိုင်ငံအတွက် အပေါင်းလက္ခဏာ တစ်ရပ် မဟုတ်ပါကြောင်း၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး အခြေအနေ ကောင်းမွန်ပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ မစတင်ခင် လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးနေသကဲ့သို့ ရင်းနှီးမြှုပ်နှံပြီး နောက်ပိုင်းတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည့် အကူအညီများ ဆောင်ရွက် ပေးနေပါကြောင်း၊ လက်ရှိအခြေအနေ တွင်လည်း ကိုရီးယား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုချက် တင်ပြထားခြင်း ရှိပြီး၊ ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက်စုံစမ်းလျက် ရှိပါကြောင်း၊  ကိုရီးယား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် များ ပြန်လည်အပ်နှံခြင်း၊ ရွေ့ပြောင်းသွားခြင်း လုံးဝ မရှိကြောင်း အတိအလင်း ပြောကြား လိုပါကြောင်း” ဆွေးနွေး ခဲ့ပါသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည့် “3rd RCEP Summit” တွင် စေ့စပ်ညှိနှိုင်းမှုများ ပြီးဆုံးကြောင်းကို အဖွဲ့ဝင် (၁၅) နိုင်ငံမှ ခေါင်းဆောင်များက ကြေငြာခဲ့ကြပြီးဖြစ်ရာ ကမ္ဘာ့အကြီးဆုံး FTA ကို လက်မှတ် ရေးထိုးနိုင်တော့မည် ဖြစ်ပါသည်။ ၎င်းအချက်မှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည့် အလားအလာကောင်း တစ်ခုပင်ဖြစ်ပါသည်။

ထို့အပြင် ကိုရီးယား-မြန်မာ နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်ကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံမှ Economic Development Cooperation Fund – EDCF ချေးငွေ ဒေါ်လာ သန်း ၁၀၀၀ ပေးအပ်သည့် ပူပေါင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ၏ ဆဌမမြောက်အကြီးဆုံး ရင်းနှီးမြှုပ်နှှံသူ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၃.၉၇ ဘီလီယံ တန်ဖိုးရှိသည့် စီမံကိန်း ၁၇၉ ခု ရင်းနှီး မြှုပ်နှံထားပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၄.၈၆ ရာခိုင်နှုန်း ရှိကြောင်း၊ လက်ရှိတွင် လည်း စက်မှုဇုန် (၂) ခု ကို ခွင့်ပြုထားပြီး ဖြစ်၍ ၎င်း စက်မှုဇုန်များတွင် ဝင်ရောက် ရင်းနှီး မြှုပ်နှံမည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာရန်ရှိကြောင်း ကော်မရှင် အတွင်းရေးမှူးက ဆွေးနွေးခဲ့ပါသည်။

ထို့နောက် တက်ရောက်သည့် သတင်းမီဒီယာများမှ ၎င်းတို့ သိရှိလိုသည် မေးခွန်းများအား မေးမြန်းခဲ့ကြပါသည်။အဆိုပါ  တွေ့ဆုံမှု အခမ်းနားသို့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ ၁၇ခုမှသတင်းထောက် ၁၉ဦး တက်ရောက်ခဲ့ပြီး သတင်းမှတ်တမ်း ရယူခဲ့ကြပါသည်။