
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ပါသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့် လာစေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ စုစုပေါင်းမှာ အမေရိ ကန်ဒေါ်လာ ၉.၄၇၄ သန်းနှင့် မြန်မာကျပ်ငွေ ၂၀၂၄.၄၁၆ သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၄၅၄၂ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
၂၀၁၇ ခုနှစ် သြဂုတ်လမှ ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့အထိ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံနှင့် မလေးရှား နိုင်ငံတို့မှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၃၆ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆ ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၂ ခုတို့အား အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး၊ မတည်ငွေရင်း ပမာဏ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၃.၈၄၄ သန်းနှင့် မြန်မာကျပ်ငွေ ၁၃၇၄၃.၆၃၆ သန်း၊ အလုပ်အကိုင် အခွင့်အလမ်း ၁၈၅၇၅ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသူများအနေဖြင့် မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း (သို့) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူးရုံး၊ အမှတ် ၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ တယ်လီဖုန်းအမှတ် ၉၅-၀၁-၆၅၇၈၉၂ သို့ ဆက်သွယ် မေးမြန်း လျှောက်ထားနိုင်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ