
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုး တိုးတက် လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့၏ စီစဉ်မှု၊ New Starlight Group of Companies ၏ ပံ့ပိုးကူညီမှုဖြင့် မန္တလေးစီးပွားရေးဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့၌ Mandalay Convention Centre၊ မန္တလေးမြို့၊ မန္တလေးတိုင်း ဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မန္တလေး စီးပွားရေးဖိုရမ် အခမ်းအနားသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြည်တွင်း ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များ၊ သတင်း မီဒီယာများ စုစုပေါင်း (၉၀၀) ကျော် တက်ရောက် ခဲ့ကြပါသည်။
အစီအစဉ်အရ Mandalay Convention Centre ဖွင့်ပွဲ နှင့် မန္တလေး စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး၊ နှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့မှ Mandalay Convention Centre ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာ ကြသည့် ဧည့်သည်တော်များက ပြပွဲတွင် ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပြခန်း များအား လှည့်လည်ကြည့်ရှု ခဲ့ကြပါသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကို ကျင်းပခဲ့ရာ အခမ်း အနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်မှ ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ထိုနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ ဦးသောင်းထွန်း နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးမှ အဖွင့်အမှာစကား အသီးသီး ပြောကြားကာ ဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ရှင်းလင်း တင်ပြခဲ့ပြီး စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာ အဆောက်အဦ ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ စသည့် ကဏ္ဍများ အလိုက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများမှ ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် လုပ်ငန်းရှင်တွေ့ဆုံပွဲနှင့် Breakout Session အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ဌာနအသီးသီးမှ တာဝန်ရှိသူများက Breakout Session တွင် ကုမ္ပဏီဥပဒေ၊ အခွန်ဆိုင်ရာ ကိစ္စများ၊ အကောက်ခွန် ဆိုင်ရာ ကိစ္စရပ်များနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။
မန္တလေး စီးပွားရေးဖိုရမ်သို့ ပါဝင်တက်ရောက်နေသူများသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု အလားအလာရှိသော နေရာများသို့ သွားရောက် လေ့လာကြမည် ဖြစ်ပါသည်။
မန္တလေး စီးပွားရေး ဖိုရမ်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ၊ ကုန်သွယ်ရေး လုပ်ငန်းများ၊ ခရီးသွားလာမှုလုပ်ငန်းများ၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများစသည့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အထောက်အပံ့ တစ်ခု ဖြစ်စေမည် ဖြစ်ပါသည်။




