
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

( ရန်ကုန်၊ ဒီဇင်ဘာ၂၄ )
ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial complex, KMIC) ပန္နက်တင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စီမံကိန်း ဧရိယာ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဗီဒီယိုမိန့်ခွန်းပေးပို့ခဲ့ ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားရာတွင် ယနေ့အခမ်းအနားသည် စက်မှုဇုန် စီမံကိန်းဖော်ထုတ်ခြင်းအတွက် သာမက မြန်မာပြည်သူများနှင့် ရန်ကုန်မြို့ရှိ ပြည်သူများ၏ ပိုမိုကောင်းမွန်သည့်အနာဂတ်အတွက် စီးပွားရေး ဆိုင်ရာ အခြေခံအုတ်မြစ်များကို ခိုင်မာ အားကောင်းစေမည် ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရ၏ ဦးဆောင်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲမှုများနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်ချက်များကြောင့် ယခုကဲ့သို့ ကိုရီးယား-မြန်မာစက်မှုဇုန် စီမံကိန်းအသစ်များ ပေါ်ပေါက်လာစေခဲ့ပြီး၊ စီမံကိန်း ပြီးစီးအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြမှာ ဖြစ်ပါကြောင်း၊ ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်းကို အကောင်အထည်ဖော်ပြီးသည့် အချိန်တွင် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ အတွက် အခွင့်အလမ်း ပေါင်းများစွာကို ဖန်တီးပေးခြင်းဖြင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်း ပေါင်းများစွာကို တိုးချဲ့ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကတစ်ဆင့် အရည်အသွေးရှိသည့် အလုပ်အကိုင် အခွင့်အလမ်းသစ်ပေါင်းများစွာကို လက်ရှိအစိုးရတာဝန်ယူချိန်တွင် ဖန်တီးပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကိုရီးယား – မြန်မာစက်မှုဇုန် စီမံကိန်း (KMIC) သည် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ခိုင်မြဲစွာ ချည်နှောင်နိုင်မည့် သာဓကတစ်ခု လည်းဖြစ်ပါကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်းက အမှာစကားပြောကြားရာတွင် ယခုအချိန် ကမ္ဘာတစ်ဝန်းတွင် COVID ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေချိန်တွင် KIMC စီမံကိန်းက မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည် ဦးမော့နိုင်ရန်အတွက် အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း၊ ယခုစီမံကိန်းသည် ကိုရီးယား-မြန်မာနှစ်နိုင်ငံ အတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းမှာဖြစ်ပြီး၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ခိုင်မြဲစေမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း- MSDP နှင့် ကိုရီးယားသမ္မတနိုင်ငံ၏ New Southern Policy တို့သည် အခြေခံမူများ တူညီသည့် အတွက် မိမိတို့ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကိုရီးယားသမ္မတနိုင်ငံ၏ Presidential Committee on New Southern Policy ၏ ဥက္ကဋ္ဌ Mr. Park Bokyeong က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကိုရီးယားသမ္မတနိုင်ငံ အစိုးရအတွက် များစွာ အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်ရေး အဓိက နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ အနေဖြင့် KMIC စက်မှုဇုန်၊ ဒလတံတားဆောက်လုပ်ရေး၊ မြို့သစ်စီမံကိန်း အစရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင်လည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နောင်အနာဂါတ်တွင်လည်း KMIC ကဲ့သို့ ထင်ရှားသည့် စီမံကိန်းများ ပိုမို များပြားလာပြီး၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ၏ ချစ်ကြည်ရေးကို ယခုထက် ပိုမို ခိုင်မာလာစေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကိုများစွာ တိုးတက်ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်မည့် လမ်းခရီးအစဖြစ်ရန် အတွက် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ Korea Land and Housing Corporation ၏ ဒုတိယဥက္ကဋ္ဌ Mr. Lee Yong-sam တို့က အမှာစကားများ အသီးသီး ပြောကြား ခဲ့ကြပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး H.E Mr. Lee Saug-hwa၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြ ပါသည်။ ထို့နောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို နေ့လယ်ပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။
ကိုရီးယား – မြန်မာစက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial complex, KMIC) သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation (LH) တို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
ယခုစီမံကိန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီး၊ ရန်ကုန်ဆိပ်ကမ်းတို့၏ အနီးတွင် မဟာဗျူဟာကျကျ တည်ရှိသည့်အတွက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေမည် ဖြစ်ပါသည်။
ကိုရီးယား-မြန်မာစက်မှုဇုန်ကို အဆင့်မြင့် နည်းပညာများ အသုံးပြု၍ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော ခေတ်မီစက်မှုဇုန် တစ်ခုအဖြစ် ဖန်တီးမည် ဖြစ်ပါသည်။ ယခု စီမံကိန်းသည် “ပြည်သူ”၊ “သာယာဝပြောမှု” နှင့် “ငြိမ်းချမ်းရေး” စသည် တို့ကို အခြေခံထားသည့် ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပိုမို ခိုင်မာသည့် ခင်မင်ရင်းနှီးမှု ကို ဖော်ဆောင်သွားမည် ဖြစ်ပါသည်။




