
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(နေပြည်တော်၊ ဒီဇင်ဘာလ ၂၃ ရက်)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီတို့၏ ကူညီပံ့ပိုးမှု၊ အာဆီယံ-ဂျပန်စင်တာနှင့် မြန်မာသံရုံး(တိုကျိုမြို့) တို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် Myanmar Investment Environment Update Webinar ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက Video Message ပေးပို့ခဲ့သည်။
အခမ်းအနားတွင် အာဆီယံ – ဂျပန်စင်တာ၏ အထွေထွေအတွင်းရေးမှူး Mr. Masataka Fujita က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက Video Message ဖြင့် ပြောကြားရာတွင် မကြာသေးမီက ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ၂၀၂၁ ခုနှစ်တွင် စီးပွားရေး ပြန်လည်ထူထောင်ရေး အလားအလာများ၊ ဖြစ်နိုင်ချေရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အလမ်းများ၊ လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံ၏ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ အရေးပါသည့် စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့တွင် ဂျပန်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုကဏ္ဍ အရေးကြီးမှုကို နိုင်ငံတော်အစိုးရ အနေဖြင့် အသိအမှတ်ပြုကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး တွင် ပါဝင်ဆောင်ရွက်မည့် ဂျပန်နိုင်ငံ၏ ကတိကဝတ်များနှင့် မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် မွန်ပြည်နယ် အထူးစီးပွားရေးဇုန်အသစ် ထူထောင်ရေးကိစ္စရပ်တွင် ပါဝင်ဆောင်ရွက် မည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုပါကြောင်း ပြောကြားသည်။
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်က မြန်မာနိုင်ငံ၏ သဘာ၀ ပတ်၀န်းကျင်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် အလားအလာကောင်းများ ရှိနေကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသတွင် နေထိုင်ကြသည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်း သည် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းတစ်ခု ဖြစ်ပါကြောင်း ပြောကြားသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ Chief Representative ဖြစ်သူ Mr. Noriji Sakakura က “JICA’s Current and Future Programs in Myanmar” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ငွေကြေးထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များ၊ ချေးငွေအကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ စသည်တို့နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ အမေးအဖြေကဏ္ဍကို ကျင်းပရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဆက်အောင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တို့က ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
Webinar ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အာဆီယံ-ဂျပန်စင်တာ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီအသီးသီးတို့မှ တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၃၈၀ ကျော် တက်ရောက်ကြသည်။
