
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် International Finance Corporation (IFC) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရင်းနှီးမြှုပ်နှံသူ၏ အငြင်းပွားမှု ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော် Kempinski Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရင်းနှီးမြှုပ်နှံမှုမူဝါဒ ပြုပြင်ပြောင်းလဲမှုများ၊ အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုဥပဒေများ၊ ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို ဆွေးနွေးရန် ဖြစ်ပါသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်နှင့် IFC မှ Country Officer ဖြစ်သူ ဒေါ်ခင်သီတာမော်တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။

ထို့နောက် International Finance Corporation (IFC) မှ ပုဂ္ဂလိကကဏ္ဍ ကျွမ်းကျင်သူ Mr. Xavier Forneris၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေအကြံပေးဖြစ်သူ Mr. Sufian Jusoh နှင့် SCM Legal Firm မှ Investment Legal Expert ဖြစ်သူ Mr. Chris Hughes တို့က “မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဥပဒေများ၊ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး အာမခံချက်များနှင့်စပ်လျဉ်းသည့် အခြေခံအကြောင်းအရာများနှင့် အလေ့အကျင့်များကို နားလည်စေခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ပုဂ္ဂလိကကဏ္ဍ ကျွမ်းကျင်သူ Mr. Roberto Echandi က “ရင်းနှီးမြှုပ်နှံမှု မြဲမြံစေခြင်း၊ တိုးချဲ့ခြင်းနှင့် ၄င်းတို့၏ အရေးပါပုံ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ St. Thomas တက္ကသိုလ်မှ Ms. Mariana Gonstead က ရင်းနှီးမြှုပ်နှံသူများနှင့် အိမ်ရှင်အစိုးရ အာဏာပိုင်များအကြား ဆက်ဆံရေးတိုးတက်ခြင်းနှင့် အစိုးရအေဂျင်စီများအကြား ပိုမိုပူးပေါင်း ဆောင်ရွက် ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံသူ၏ အငြင်းပွားမှု ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ IFC မှ ကျွမ်းကျင်ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံမှု အကူအညီပေးရေးကော်မတီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အစိုးရဝန်ထမ်းများအား ရင်းနှီးမြှုပ်နှံသူ၏ အငြင်းပွားမှုကိုင်တွယ် ဖြေရှင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်မှုနှင့် စပ်လျဉ်းသည့် စွမ်းဆောင်ရည်များ တိုးတက်စေရန် အဆိုပါဆွေးနွေးပွဲမှ အထောက်အကူ ဖြစ်နိုင် လိမ့်မည်ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ညနေ ၄:၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။