
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမြှင့်တင်ရန် ရည်ရွယ်၍ မလေးရှား-မြန်မာစီးပွားရေးအသင်း (MMBC)၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးနှင့် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ မလေးရှား-မြန်မာ ဆက်သွယ်မှု ၂၀၁၉ ဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစီအစဉ်အရ မလေးရှား-မြန်မာစီးပွားရေးအသင်းမှ ဥက္ကဋ္ဌ ဖြစ်သူ Mr. Gilbert Lee မှ ဆွေးနွေးပွဲ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ သံအမတ်ကြီး H.E. Ambassador Zahairi Baharim မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ဉီးသောင်းထွန်း၏ အမှာစကားအား ရုပ်သံဖိုင်ဖြင့် ပြသခဲ့ပါသည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် ဖြစ်သူ Mr. Hans Anand Beck မှ“ Myanmar Economy ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင် ဦးမင်းရဲပိုင်ဟိန်းမှ“ Information and Discussion on Project Bank” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ” နှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက “ Construction & Property”, “Manufacturing”, “Information & Technology” နှင့် “Trading & Services” စသည့် ကဏ္ဍအလိုက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ကျွမ်းကျင်ပညာရှင်များပါဝင်သည့် စကားဝိုင်း ဆွေးနွေးပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နိုင်ငံတော်စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဦးမင်းရဲပိုင်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံရုံးများမှ သံမတ်ကြီးများနှင့် သံရုံးအရာရှိကြီးများ၊ အစိုးရဌာနဆိုင်ရာများမှ အဆင့်မြင့်အရာရှိများ၊ မလေးရှား-မြန်မာ စီးပွားရေးအသင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ စီးပွား ရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာ များ စုစုပေါင်း (၃၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနား၏ စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း တွေ့ဆုံဆွေးနွေးသည့် အစီအစဉ်သို့ ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များသည် စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးခဲ့ပါသည်။ ဤကဲ့သို့ မလေးရှား-မြန်မာ ဆက်သွယ်မှု ၂၀၁၉ ဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအား ပိုမိုသိရှိနားလည်လာနိုင်ပြီး မလေးရှားနိုင်ငံမှ အလားအလာရှိသော စီးပွားရေး လုပ်ငန်းရှင်များကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ပိုမိုဆွဲဆောင်လာနိုင်မည် ဖြစ်ပါသည်။


