
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဦးသောင်းထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် စက်မှုကဏ္ဍမှ လုပ်ငန်း(၂)ခု ခွင့်ပြုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၁.၂၆၅) သန်းနှင့် ကျပ် (၁၈.၀၀၀) သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂၆၉) နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ပါ သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း (၄၉) နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ (၁၂)ခု တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၁,၇၅၂) ခု ရင်းနှီးမြှုပ်နှံ လျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း (၈၀,၈၉၂.၀၆၁) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပါသည်။ ရင်းနှီး မြှုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ ဖြစ်ပါသည်။
နိုင်ငံပေါင်း ၄၉ နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇.၇၂%) ဖြင့်လည်းကောင်း၊ လျှပ်စစ် ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ (၂၆.၁၈%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၏ (၁၃.၈၂%)ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။

