ကယားပြည်နယ် ဦးစီးမှူးရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား

Print Friendly, PDF & Email

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားအား အဆိုပါရုံးသစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယား ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဦးတီရယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမော်မော်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးလှမျိုးဆွေ၊ပြည်နယ်ဥပဒေချုပ်ဦးစိုင်းကျော်ဇံ၊ပြည်နယ်စာရင်းချုပ်ဦးအောင်မောင်း၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးအံ့မော်၊အစိုးရဌာနအဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ဒေသခံလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူ(၁၅၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

ရုံးအဆောက်အဦသစ်အား ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးလှထွေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဦးမော်မော်နှင့် ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသည် အမှတ်(၁၅/စ)၊ ဦးနီလမ်း၊ နောင်ယား(ခ)ရပ်ကွက်၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်တွင်တည်ရှိပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။