
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ တို့၏ ကမကထဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တို့၏ ပူးပေါင်း ဆောင်ရွက်မှု၊ Myanmar Investors Development Association (MIDA) ၏ ပံ့ပိုးကူညီမှုဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ ပထမအကြိမ် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့ရှိ ပုလဲသန္တာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖိုရမ်သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဉီးမြင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်များ၊ အစိုးရ ဌာနဆိုင်ရာ အရာရှိကြီး များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာ များ စုစုပေါင်း ၅၃၀ ဦးကျော် တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ နံနက်ပိုင်းတွင် မြိတ်မြို့ရှိ Sea View Condo တွင် ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု ပြခန်းများ ဖွင့်ပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဉီးမြင့်ဆွေ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဆက်အောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးကျော်လင်းနှင့် တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ တက်ရောက်လာကြသည့် ဧည်သည်တော်များနှင့်အတူ ပြပွဲတွင် ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ ကြပါသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ဖွင့်ပွဲ အခမ်းအနားအား ပုလဲသန္တာဟိုတယ်တွင် ဆက်လက် ကျင်းပရာတွင် ရှေးဦးစွာ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဉီးမြင့်ဆွေက ဖိုရမ်ကို မင်္ဂလာမောင်း ၃ ကြိမ် တီး၍ ဖွင့်လှစ်ပေးခဲ့ပြီး၊ အမှာစကား ပြောကြားရာတွင် “သဘာဝအခြေခံ ခရီးသွားလုပ်ငန်းသည် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအရေးပါသည့် ကဏ္ဍတွင် ပါဝင်လျက် ရှိကြောင်း၊ ကမ္ဘာ့ဈေးကွက်ကို ဝင်ရောက်နိုင်မည့် တန်ဖိုးမြှင့် ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ တနင်္သာရီတိုင်းဒေသကြီးတွင် အများအပြားရှိနေကြောင်း၊ ဒေသတွင်း အလားအလာကို ကြည့်မည်ဆိုပါက တနင်္သာရီတိုင်းဒေသကြီးသည် မဟာမဲခေါင်၏ အနောက်ဖက်ဆုံး ဝင်ပေါက်သဖွယ် ဖြစ်နေပြီး ဒေသတွင်းနိုင်ငံများနှင့် တောင်ပိုင်း စီးပွားရေး စင်္ကြံ (Southern Economic Corridor–SEC) ချိတ်ဆက်နိုင်မည့် အရေးပါသည့်နေရာတွင် တည်ရှိနေပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ ၏ ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ချက်များကို နမူနာယူပြီး တနင်္သာရီတိုင်းဒေသကြီး၏ ကမ်းရိုးတန်းဒေသတစ်လျောက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန်အတွက် ထားဝယ် အထူး စီးပွားရေးဇုန်ကို တည်ထောင်ရန် ပြင်ဆင်လျက်ရှိရာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် များစွာ အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဆက်အောင်နှင့် Myanmar Investors Development Association ဉက္ကဋ္ဌ ဉီးခင်မောင်အေးတို့မှ အဖွင့် အမှာစကားများ အသီးသီး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများနှင့် စပ်လျဉ်း သည့် စကားဝိုင်းဆွေးနွေးပွဲများအား ခေါင်းစဉ် (၄) ခုဖြင့် ကျင်းပခဲ့ပြီး သက်ဆိုင်ရာ နယ်ပယ်များမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသတွင်း လုပ်ငန်းရှင်များ ပါဝင် သည့် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်များမှ မိမိတို့ စိတ်ပါဝင်စားမှု ကဏ္ဍများ အလိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ပါဝင်တက်ရောက်နေသူများသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှု အလားအလာ ရှိသော နေရာများနှင့် ခရီးသွား လုပ်ငန်း ဆွဲဆောင်နိုင်သည့် နေရာများသို့ သွားရောက် လေ့လာကြည့်ရှုကြမည် ဖြစ်ပါသည်။











