
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

Myanmar-Korea Investment Promotion Seminar ကို ၂၀၁၈ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် အာဆီယံ-ကိုရီးယားဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ အာဆီယံ-ကိုရီးယား ဗဟိုဌာနမှ တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသည် မြန်မာနိုင်ငံတွင် ကိုရီးယားရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပါသည်။ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Lee Hyuk၊ အာဆီယံ-ကိုရီးယားဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူး H.E Lee Sang-wha၊ တို့မှ အဖွင့် အမှာစကား အသီးသီး ပြောကြားကြပါသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးမှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေပါ ကင်းလွတ်ခွင့်၊ သက်သာခွင့် များ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်၏ အဓိက အားသာချက်များကို လည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းဦးမှ ရင်းနှီးမြှုပ်နှံမှု ဦးစားပေး ကဏ္ဍများ၊ ထုတ်လုပ်ရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုသက်မူမှ လက်လီလက်ကား ရောင်းချဖြန့်ဖြူးခြင်းနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်း များကို လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြပါသည်။
ညနေပိုင်းတွင် One-on-One business matching session ကို ကျင်းပခဲ့ပြီး မြန်မာ ကုမ္ပဏီများနှင့် ကိုရီးယားကုမ္ပဏီများမှ ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့ တွင် ထုတ်လုပ်မှုကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများမှ ကိုရီးယား ရင်းနှီး မြှုပ်နှံသူများ ပါဝင်ပြီး မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို လေ့လာရန်နှင့် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး ချိတ်ဆက်မှု ရယူရန်အတွက် လာရောက်ခြင်း ဖြစ်ပါသည်။





