
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် လိုသူများ နှင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်လိုသူများအနေဖြင့် မိမိတို့ ဆောင်ရွက်လိုသည်များကို လျင်မြန်လွယ်ကူစွာ ဖြင့် ဆောင်ရွက်နိုင်ရန်နှင့် ကရင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးဖွင့်လှစ်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့ နံနက်ပိုင်းတွင် ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ သုဓနုလမ်းရှိ အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်ပြည်နယ် ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ အမှုဆောင်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးရုံးအား ကရင်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းနိုင် နှင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထိုနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ရုံးခန်းအတွင်း လှည့်လည်ကြည့်ရှု ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယအပိုင်းအား ဘားအံမြို့ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးမှ အမှာစကား ပြောကြားသည်။ထို့နောက်ကရင်ပြည်နယ် ဦးစီးမှူးရုံး တွင် ပထမဦးဆုံး ကုမ္ပဏီ မှတ်ပုံတင်သည့် ဒီ နိုင်း ဒီ ကုမ္ပဏီ လီမိတက်အား ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ချီးမြှင့်ခဲ့ပါသည်။




