ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရခိုင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအားကြည့်ရှုအားပေး

Print Friendly, PDF & Email

(စစ်တွေ၊ ဇွန် ၂၆ )

         ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Inn Pauk Wa Co., Ltd ၏ ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းနေရာသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ထိုသို့ ရောက်ရှိစဉ် ကုမ္ပဏီ၏ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးကာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
             ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့နယ်အတွင်းရှိ ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် BXT International Co., Ltd က ဆောင်ရွက်လျက်ရှိသော မြေဖို့မြေယာဖော်ထုတ်ခြင်း လုပ်ငန်း‌ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ရာ ကုမ္ပဏီ၏ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများနှင့် လက်ရှိကြုံတွေ့ နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါကိစ္စရပ် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။