
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

(တောင်ကြီး၊ ဇန်နဝါရီ ၈ )
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဟဲဟိုးမြို့နယ်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့် အသီးအရွက်များကို အခြောက်ခံ၍ ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိသော Myanmar Belle Shin- Shin Foods Co., Ltd. သို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးအား ကုမ္ပဏီ၏တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြည်ပတင်ပို့မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး သီးနှံစိုက်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး လုပ်ငန်းတွင်လက်ရှိကြုံတွေ့နေရသော အခက်အခဲများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Top Ten Star Producting Co., Ltd. ၏ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ခဲသတ္တုသန့်စင် ထုတ်လုပ်ခြင်းလုပ်ငန်းသို့ ရောက်ရှိခဲ့ရာ ကုမ္ပဏီ၏တာဝန်ရှိသူများက စက်ရုံလုပ်ငန်းလည်ပတ်နေမှု အခြေအနေများနှင့် အခက်အခဲများကို တင်ပြကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အခက်အခဲများနှင့်စပ်လျဉ်း၍ ဆက်လက်ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ဆွေးနွေးကာ သတ္တုထုတ်လုပ်မှုလုပ်ငန်းများနှင့် သတ္တုသန့်စင် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။