
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

( နေပြည်တော်၊ ဇန်နဝါရီ ၅ )
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လျက်ရှိကြသည့် ရင်းနှီးမြှုပ်နှံသူများက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ တာဝန်ရှိသူများနှင့် ဆွေးနွေး မေးမြန်း၍ အကြံဉာဏ်ယူခြင်းနှင့် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကူအညီ ရယူလိုသည့် ကိစ္စများအတွက်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင် များက သိလိုသည်များကို စုံစမ်းမေးမြန်းမှုများအားလည်းကောင်း လူကိုယ်တိုင် လာရောက်စရာ မလိုဘဲ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် ဝန်ဆောင်မှု စနစ် (DICA Online Solution – DOSo) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ DOSo စနစ် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၌ ကျင်းပပြုလုပ်သည့် DICA Online Solution (DOSo) စနစ်ဖြင့် ထိရောက်အောင်မြင်သော အွန်လိုင်း တွေ့ဆုံဆွေးနွေးမှုများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူ ချောမွေ့စေရေး (Investment facilitation) အတွက် လုပ်ငန်းစဉ်များချမှတ်ပြီး စဉ်ဆက်မပြတ် နည်းလမ်းရှာကြံကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မိမိကဏ္ဍ နယ်ပယ်နှင့် ပတ်သက်သည့်ကိစ္စရပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရေးအတွက် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူး ချုပ် ဦးသန့်စင်လွင်နှင့် ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်က DOSo စနစ်အား ရှင်းလင်းတင်ပြ ခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်း၍ အကြံပြုခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့ အစည်းများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။


