ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တနင်္သာရီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း‌ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

Print Friendly, PDF & Email

(ထားဝယ်၊ ဖေဖော်ဝါရီ ၈ )

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များအား ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးထား ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ပေးသည့် စံပြုလုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိစ္စများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများမှ အရေးကြီးသည့်ပြဋ္ဌာန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒဆိုင်ရာကိစ္စများ၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်/ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဉီးမြတ်ကိုက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားပါသည်။ ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များကလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာငါးလေလံ ဈေးနှင့် ရေထွက်ပစ္စည်းကုန်ချော ထုတ်လုပ်မည့် စက်မှုဇုန်တည်ဆောက်ရေးနှင့် မြိတ်ခရိုင်ရေပေးဝေရေး စီမံကိန်းကိစ္စများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေကို မြိတ်အများပိုင်ကော်ပိုရေးရှင်းကုမ္ပဏီ လီမိတက်၏ တာဝန်ရှိသူများက ရှင်းလင်းခဲ့ရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဉပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်မြို့၊ သပြေချောင်းကျေးရွာအုပ်စုရှိ ခန့်ရွှေပြည် ကုမ္ပဏီလီမိတက်၏ အဝေးပြေးယာဉ်ရပ်နားစခန်းနှင့် ဈေးဆိုင်ခန်းများဆောက်လုပ် ငှားရမ်းခြင်း လုပ်ငန်းတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ရာ ကုမ္ပဏီ၏ဒါရိုက်တာ ဦးဇော်ဘိုခန့်က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးသို့ သွားရောက်ကာ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လုပ်ငန်းဆိုင်ရာကိစ္စများ မှာကြားပါသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ထားဝယ်မြို့၊ သဗျာကျေးရွာအုပ်စုရှိ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော ထားဝယ်ရွှေပြည်ကုမ္ပဏီလီမိတက်၏ မှိုင်းခံရာဘာအဆင့် RSS-1,2,3 ထုတ်ကုန်များ ပြည်တွင်း/ ပြည်ပထုတ်လုပ်တင်ပို့ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးရာ ကုမ္ပဏီ၏ဒါရိုက်တာ ဒေါက်တာယုစိန်က လုပ်ငန်းဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။