
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆) နှင့် နေပြည်တော်ကောင်စီဒေသ လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ် (၁၅) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဉီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု DICA Online Solution – DOSo စနစ်၏ သရုပ်ဖော် ဗီဒီယိုကို ပြသ ခဲ့ပါသည်။ ထို့နောက် နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က နေပြည်တော်အတွင်း လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝတ်ရည်ဖြိုးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆) ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ ကြပါသည်။
အဆိုပါဆွေးနွေးပွဲကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအသိပညာများမျှဝေနိုင်ရန်နှင့် ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

