
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

(၂၀၂၄ ခုနှစ် မေလ ၂၈ ရက်)
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့တွင် ၂၀၂၄ ခုနှစ် မေလ ၂၈ ရက်၌ ကျင်းပပြုလုပ်သည့် အာဆီယံ-အာရပ် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ပါဝင်တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု စသည့် စီးပွားရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များမြှင့်တင်ကာ အာဆီယံနှင့် အာရပ်ပင်လယ်ကွေ့ အဖွဲ့ဝင်နိုင်ငံများအကြား ဗျူဟာကျသည့် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် မိတ်ဖက်ဆက်ဆံရေး ခေါင်းစဉ်များဖြင့်လည်းကောင်း၊ စွမ်းအင်၊ စိုက်ပျိုးရေးနှင့် အစားအစာဖူလုံရေး၊ ခရီးသွားလာရေး၊ ခေတ်မီမြို့တော်များ၏ နည်းပညာဆိုင်ရာ သီးသန့်ဆွေးနွေးမှုများဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အာရပ်နှင့် အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာရှပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီမှ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ညွှန်ကြားရေးမှူးချုပ်သည် မေလ ၂၇ ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ညွှန်ကြားရေးမှူးချုပ်သည် အာရပ်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် အာရှအလယ်ပိုင်း ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ လေ့လာသူအဖြစ် မေလ ၂၉ ရက်နေ့တွင် တက်ရောက်ခဲ့သည်။ ဖိုရမ်တွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ သတ္တုနှင့် တွင်းထွက်ပစ္စည်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စိုက်ပျိုးရေးနှင့် အစားအစာ ဖူလုံရေး စသည့် ကဏ္ဍများအပေါ် သီးသန့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။


