
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်မြို့၊ ဇူလိုင်၂၀-၂၁
ASEAN Australia Development Cooperation Program II ၏ ပံ့ပိုးမှု၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့၏အစီအစဉ်ဖြင့် အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် (ACIA) ဖိုရမ်နှင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့ရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ၂၀၁၆ ခုနှစ်ဇူလိုင်လ(၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှ အတွင်းရေးမှူး ဦးဝင်းအောင် ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်၊ မြန်မာ နိုင်ငံရှိ သြစတြေးလျသံရုံးနှင့် အာဆီယံနိုင်ငံများ၏ သံရုံးများမှ ကိုယ်စားလှယ်များ၊ ACIA ဆိုင်ရာကျွမ်းကျင်သူများနှင့် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ပါသည်။
ဖိုရမ်နှင့် ဆွေးနွေးပွဲတို့အား ၂၀၁၆ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့ အထိ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ပညာရှင်များက အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ် (ACIA) ဆိုင်ရာ ပြဌာန်းချက်များနှင့် အကျိုးကျေးဇူးများအား အသီးသီး ဆွေးနွေး ကြမည်ဖြစ်ပါသည်။
အဆိုပါအာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် (ACIA)ဖိုရမ်နှင့် ဆွေးနွေး ပွဲကို ကျင်းပခြင်းအားဖြင့် အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ပါ ပြဌာန်းချက် များအား ပိုမိုနားလည်သဘောပေါက်စေပြီး ၎င်းစာချုပ်အရ ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးထားမှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာတွင် ၎င်းစာချုပ်အရ ရရှိနိုင်သည့်အခွင့်အရေးများစသည့် အသိအမြင် များကို ရရှိလာမည်ဖြစ်ပါသည်။

