
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိကျင်းပပြုလုပ်သည့် လန်ချန်း-မဲခေါင် ဒေသတွင်း ကုန်သွယ်မှု နှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်လွင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိပါ သည်။
ဆွေးနွေးပွဲကို အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ပေးသည့် ဝင်ပေါက်အဖြစ် ယူနန်ပြည်နယ်၏ ပထဝီဝင် အားသာချက်များအား အသုံးချရန်၊ ကုန်သွယ်မှု၊ စီးပွားရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုး ပေးရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က တီထွင်ဆန်းသစ်မှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ အင်တာနက်၊ ဒီဂျစ်တယ်စီးပွား ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် အသိဉာဏ်ဆိုင်ရာ ယဉ်ကျေးမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ညွှန်ကြားရေးမှူးချုပ်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၃၀ ရက်နေ့တွင် အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ သုတေသတနဆိုင်ရာ တက္ကသိုလ်များနှင့် စက်ရုံများသို့ သွားရောက် လေ့လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

